We Are One- WAO ကို ၂၀၁၉ ခုနှစ်တွင် စစ်တွေနှင့် ကျောက်ဖြူမြို့တို့ရှိ တက္ကသိုလ်၊ ကောလိပ်များ၌ ပြုလုပ်ခဲ့သော “Difficulties Faced by LGBT & Youths Opinion on them” သုတေသန စာတမ်းငယ်၏ တွေ့ရှိချက်များကို အခြေခံလျက်မြန်မာ့လူ့အဖွဲ့အစည်းတွင် LGBT အဖြစ် ရပ်တည်နေထိုင်ခြင်းသည် အရှက်ရဖွယ်ရာ၊ မနှစ်မြို့ဖွယ်ရာအဖြစ် သတ်မှတ်ကြသည့်အပြင် ၎င်းတို့ကို ခွဲခြားဆက်ဆံမှုသည် အမြစ်တွယ်ခဲ့သည်မှာ အချိန်အတော်ပင်ကြာညောင်းခဲ့ပြီးဖြစ်ရာ ဤအမြင်ကို ပြောင်းလဲရန် နှင့် အနာဂတ်တွင် လူသားဖြစ်တည်မှုပေါ်မူတည်၍ ခွဲခြားဆက်ဆံမှု ပပျောက်စေရန် လုပ်ဆောင်လိုသည့် ရည်ရွယ် ချက်ဖြင့် WAO ကို 2020 ခုနှစ် ဖေဖော်ဝါရီလ 20 ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ LGBT ဖြစ်တည်မှုသည် သဘာဝတရား ကိုဆန့်ကျင်သူများဟု လူမှုအသိုင်းအဝိုင်းတွင် လက်ခံထားကြဆဲဖြစ်သည်။ ဟာသလုပ်ခြင်း၊ စနောက်ခြင်းဖြင့် အထင်သေးခံ လူတန်းစားတစ်ရပ် အဖြစ်ရပ်တည် နေကြရသည်။ ဤကဲ့သို့ ခွဲခြားဆက်ဆံခံရခြင်း ၊ ဖြစ်တည်မှုကိုလက်မခံခြင်းများကြောင့် ၎င်းတို့သည် လူမှုဘဝတွင် အခက်အခဲများစွာဖြင့် ကြုံတွေ့ရပါသည်။မိမိကိုယ်ကိုယုံကြည်မှုအားနည်းလာကြပြီးလူမှုဆက်ဆံရေးနယ်ပယ်များနှင့် လူ့စွမ်းအင်ဖွံ့ဖြိုးရေးတွင် နောက်ကျကျန်ရစ် မည့် လူမှုအသိုင်းအဝိုင်း အခြေအနေပင် ဖြစ်ပါသည်။ လူသားထဲက လူသားပင်ဖြစ်သည့် LGBT များအား ခွဲခြားဆက်ဆံမှုများ နှင့် အခွင့်အရေး ချိုးဖောက် ခံရမှုများရှိသော်လည်း ၎င်းအရေးတို့ အတွက် လှုံ့ဆော်လှုပ်ရှားမှုများမှာ မရှိသလောက်ပင် အလွန်အားနည်း လှပါသည်။
အထူးသဖြင့် မြို့ပြဖွံ့ဖြိုးမှုနည်းပြီး ရှေးရိုးစွဲ အယူအဆများလွမ်းမိုးသည့် လူ့အဖွဲ့အစည်းတွင် LGBT ဖြစ်တည်မှုကိုလက်ခံကာ ခွဲခြားဆက်ဆံမှုလျော့နည်းလာစေရန် နည်းမျိုးစုံဖြင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်သင့်သည့်အပြင် LGBT များ၏ ဘဝ ရပ်တည်ချက်ခိုင်မာရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးခြင်း ၊ သက်မွေးဝမ်းကျောင်းပညာ ပံ့ပိုးခြင်းများအပြင် စိတ်ပိုင်းဆိုင်ရာ ပံပိုးမှုများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကို ဝိုင်းဝန်းအကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အတွက်ကြောင့် ရုပ်ပိုင်းဆိုင်ရ၊ စိတ်ပိုင်းဆိုင်ရာ ပံပိုးမှုများကို တစိုက်မတ်မတ်ဆောင်ရွက်ရန် အတွက် We Are One-WAO ကိုဖွဲ့စည်းဆောင်ရွက် ခြင်းဖြစ်သည်။ WAO သည် ရခိုင်ပြည်နယ်ရှိ လိင်စိတ်ခံယူမှု ကွဲပြားသောလူငယ်များနှင့် မတူကွဲပြားသောလူငယ်များအကြား သဟဇာတပိုမို ဖြစ်မြောက်လာရေး နှင့် LGBT လူငယ်များ၏ ဘဝရပ်တည်ချက် ပိုမိုခိုင်မာလာရေးကို ရည်မှန်းချက်ထား၍ အဓိကထားဆောင်ရွက်သွားမည့် လူငယ်အရပ်ဖက်အဖွဲ့အစည်းဖြစ်ပါသည်။
ရခိုင်ပြည်အတွင်း LGBTနှင့် Non-LGBTတို့အကြား လူမှု့သဟဇာတ ကောင်းမွန်လာစေရေး၊ လူမှု့အသိုက် အဝန်းတွင် LGBTIQ+ တို့သည် ခွဲခြားဆက်ဆံခံရမှု ပပျောက်လာကာ လက်တွေ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်တို့၌ LGBTIQ+ တို့၏ ဖြစ်တည်မှုဖြင့် ပါဝင်လာနိုင်သည့် အခွင့်အရေးများ ပေါ်ပေါက် လာစေ၍ WAO အနေဖြင့် LGBTIQ+ အသိုက်အဝန်း၏ ပုံရိပ်ကို မြှင့်တင်ပေးလာနိုင်မည် ဖြစ်သည်။
WAO သည် ရခိုင်ပြည်အတွင်းရှိ LGBTIQ+များ ခွဲခြားဆက်ဆံခံနေရမှုများ လျော့ချပြီး၊ တန်းတူညီမျှသည့် အခွင့်အရေးများရရှိကာ၊ ပြည့်မှီသော လူ့ဂုဏ်သိက္ခာဖြင့် ရပ်တည်လာနိုင်ရန်နှင့် LGBTIQ+ များကို အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ပညာရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးပေးပြီး၊ ၎င်းတို့၏ အခွင့်အရေး ချိုးဖောက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုများမှ ကာကွယ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်။
အဖွဲ့အစည်း၏ တန်ဖိုးထားမှုများအား ဖော်ပြအပ်ပါသည်။ ယင်းတန်ဖိုးထားမှုများအတွက် ဆက်လက်၍ အခိုင်အမာရပ်တည်ကာ မိမိတို့၏အနာဂါတ်ပုံရိပ်ကို ပီပြင်စွာ ပေါ်လွင်ရရှိလာနိုင်ရေးအတွက် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
(က) ကိုယ်ချင်းစာခြင်း (Empathy)
(ခ) အပြန်အလှန်လေးစားခြင်း (Mutual Respect)
(ဂ) လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ (Human Rights & Dignity)
(ဃ) ကျား၊ မ ရေးရာတန်းတူညီမျှမှုနှင့် သာတူညီမျှမှု (Gender Equity & Equality)
(င) အများအကျုံးဝင်ပါဝင်နိုင်ခြင်း (Inclusion)